We'd like to send you notifications of the latest posts and updates
Press Release
04 Apr,2025 - Yangon | 3 mins read
ရန်ကုန်မြို့၊ မြန်မာနိုင်ငံ၊ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၄ရက်နေ့ - ၂၀၂၅ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့တွင် မြန်မာနိုင်ငံ နေရာဒေသအသီးသီးတွင် ဖြစ်ပေါ်ခဲ့သော အင်အားပြင်းငလျင်ဘေးဒဏ်ကြောင့် မြန်မာပြည်သူပြည်သားများသည် အသက်အိုးအိမ်နှင့် ဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ကြရပါသည်။ အက်တမ်(ATOM) အနေဖြင့် အဆိုပါထိခိုက်ဆုံးရှုံးပျက်စီးမှု များစွာအတွက် ထပ်တူထပ်မျှဝမ်းနည်းရပြီး မြန်မာပြည်သူပြည်သားများ အားလုံးနှင့်အတူ ဆက်လက်ရပ်တည်လျက်ရှိနေပါသည်။
ရှာဖွေကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ကူညီစောင့်ရှောက်ရေးတို့အတွက် အားအင်ဖြည့်တင်းကာ အက်တမ်(ATOM)မှ အင်အားပြင်းငလျင်ဘေးဒဏ်ခံစားခဲ့ရသူများအတွက် မြန်မာငွေကျပ် သိန်းပေါင်း (၁၀,၀၀၀) ကူညီလှူဒါန်းလိုက်ပါသည်။ လူမှုအသိုင်းအဝိုင်းကို ဦးစားပေးပြီး ရည်ရွယ်ချက်ကောင်းများနှင့် လည်ပတ်နေသော ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သည့် အက်တမ်(ATOM)သည် ငလျင်ဘေးအန္တရယ်ကြုံတွေ့ခံစားခဲ့ရသည့် လူမှုအသိုင်းအဝိုင်းအတွက် ထောက်ပံ့ရေးပစ္စည်းများနှင့် လိုအပ်သောအကူအညီများ အချိန်နှင့်တစ်ပြေးညီ ပေးအပ်လျက်ရှိပါသည်။ အဆိုပါ ကူညီထောက်ပံ့ပေးအပ်မှုများသည် ကယ်ဆယ်ရေးလုပ်ငန်းများစွာကို အထောက်အကူဖြစ်စေမည်ဖြစ်ပြီး ဆက်သွယ်ချိတ်ဆက်မှုများကောင်းမွန်အောင် ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ လိုအပ်သောဆေးကုသမှုများအတွက် ထောက်ပံ့ကူညီခြင်း၊ ဘဘာ၀ဘေးအန္တရာယ်ကြုံတွေ့ခံစားခဲ့ရသည့် တစ်ဦးတစ်ယောက်ချင်းစီတိုင်းအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်ချိတ်ဆက်ကာ မြန်မာငွေကျပ် သိန်း (၃၂၅၀) တန်ဖိုးရှိ အထောက်အကူပြုပစ္စည်းများ လှူဒါန်းခြင်းအပါအဝင် လိုအပ်သောနေရာဒေသများရှိ လူထောင်ပေါင်းများစွာအတွက် ယာယီတဲများ ဆောက်လုပ်လှူဒါန်းပေးခြင်းများအား လုပ်ဆောင်လျက်ရှိပါသည်။
အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ရေးအပိုင်းတွင် အကူအညီပေးအပ်သွားမည်ဖြစ်ပြီး လုပ်ငန်းကိစ္စရပ်များအားလုံး ထိရောက်သေချာမှုရှိစေရန် အက်တမ်(ATOM) သည် ပြည်တွင်းရှိအဖွဲ့အစည်းများ၊ မိတ်ဖက်ပါတနာများ၊ တရားဝင်ခွင့်ပြုထားသည့် လုပ်ကိုင်ခွင့်ရအဖွဲ့အစည်းများနှင့်အတူ အနီးကပ် ပူးပေါင်းဆောင်ရွက်နေပါသည်။
“ငလျင်ဘေးဒဏ်ကြောင့်ပျက်စီးဆုံးရှုံးမှုတွေဟာ ကျွန်တော်တို့ရင်နဲ့မဆံ့အောင်ပါပဲ။ ကျွန်တော်တို့တတ်နိုင်တာကို အကောင်းဆုံးကူညီလုပ်ဆောင်ဖို့ဆုံးဖြတ်ထားသလို အဆိုးရွားဆုံးကြုံတွေ့ခံစားနေရသူတွေအားလုံးနဲ့လည်း အတူတကွရှိနေတယ်ဆိုတာပြောလိုပါတယ်။ အခုလို ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတို့အတွက် မြန်မာငွေကျပ် သိန်းပေါင်း (၁၀,၀၀၀) လှူဒါန်းမှုကတဆင့် ပြည်သူလူထုအသိုင်းအဝိုင်းအတွက် လက်ရှိ နဲ့ အနာဂတ်မှာပါ ထိရောက်ပြီးအဓိပ္ပါယ်ရှိတဲ့ အကျိူးသက်ရောက်မှုကောင်းဖြစ်စေဖို့ မျှော်လင့်ပါတယ်။ အားလုံးခက်ခဲနေတဲ့ အခုအချိန်ကာလမှာ အက်တမ်(ATOM)က မြန်မာပြည်သူပြည်သားများနဲ့ အတူတူရှိနေပါတယ်” ဟု အက်တမ်၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah က ပြောကြားခဲ့ပါသည်။
အက်တမ်(ATOM) ၏ ကူညီထောက်ပံ့၊ စောင့်ရှောက်မှုများအတွက် ကတိကဝတ်ပြုမှု
ငွေကြေးလှူဒါန်းမှုများအပြင် အက်တမ် (ATOM)သည် အက်တမ်အချင်းချင်း ဖုန်းခေါ်ဆိုခွင့် မိနစ် (၃၀၀)၊ အခြားပြည်တွင်းဖုန်းခေါ်ဆိုခွင့် မိနစ် (၁၀၀)နှင့် အင်တာနက်ဒေတာ 1GB အသုံးပြုခွင့်များကို ငလျင်ဘေးဒဏ်ခံစားခဲ့ရသော ဒေသများရှိ အက်တမ်သုံးစွဲသူများအားလုံးအတွက် ဧပြီလ (၁၀) ရက်နေ့အထိ အခမဲ့ ပေးအပ်ထားရှိပြီးဖြစ်ပါသည်။ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အက်တမ် (ATOM) ၏ ဆက်သွယ်ရေးကွန်ရက်များ ပြန်လည်ကောင်းမွန်အောင် မိတ်ဖက်ပါတနာများနှင့် အတူ အားသွန်ခွန်စိုက် ကြိုးပမ်းလျက်ရှိပါသည်။
“ကျွန်တော်တို့အနေနဲ့ ပြည်သူလူထု ခံစားနေရသော ကြီးမားတဲ့စိန်ခေါ်မှုကို ကိုယ်ချင်းစာနားလည်မိသလို ကျွန်တော်တို့တတ်နိုင်တဲ့အပိုင်းကိုလည်း ဒီအချိန်မှာအကောင်းဆုံးလုပ်ဆောင်သွားမယ်လို့ပြောပါရစေ။ မြန်မာငွေကျပ် သိန်းပေါင်း (၁၀,၀၀၀) လှူဒါန်းမှုအပြင် နေပြည်တော်၊ ပျော်ဘွယ်၊ ကျောက်ဆည်၊ မန္တလေးနှင့် စစ်ကိုင်းမြို့တွေမှာ မြေပြင်ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ သုံးစွဲသူ customer များနှင့်အတူ “အက်တမ်နှင့်အတူ နှစ်ဆလှူ” အစီအစဉ်ကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
သုံးစွဲသူ customer များက SMS မှတစ်ဆင့်လှူဒါန်း ထားသောအလှူငွေတွေကို ထပ်မံအားဖြည့်မည်ဖြစ်ပြီး လိုအပ်သူတွေထံသို့ အက်တမ်(ATOM) သုံးစွဲသူ customer တွေရဲ့ စုစုပေါင်းလှူဒါန်းငွေ၏ ‘နှစ်ဆ’ ရောက်ရှိသွားမယ့်အစီအစဉ်ဖြစ်ပါတယ်။ တစ်ချိန်ထဲမှာပဲ ထပ်တိုးလှူဒါန်းမှုများပြုလုပ်သွားနိုင်ဖို့ မိတ်ဖက်ပါတနာများနှင့်လည်း ပူးပေါင်းလုပ်ဆောင်လျက်ရှိပါတယ်။ အခုလိုအနေအထားမှာ လှူဒါန်းမှုတစ်ခုချင်းစီတိုင်းက ကြီးမားတဲ့သက်ရောက်မှုရှိပါတယ်။ အက်တမ်(ATOM)ကလည်း လှူဒါန်းရရှိသောတန်ဖိုးငွေများကို ထပ်မံကူညီအားဖြည့်ပြီး အကောင်းဆုံးထောက်ပံ့မှုဖြစ်စေဖို့ ဆက်လက်ဆောင်ရွက်သွားပါမယ်” ဟု အက်တမ် (ATOM) ၏ ကော်ပိုရိတ်ရေးရာ အရာရှိချုပ် ဦးသိန်းဟုတ်က ပြောကြားခဲ့သည်။
“မျှဝေခံစားအက်တမ်၏နှလုံးသား” ဆောင်ပုဒ်နှင့်အတူ လိုအပ်သော ထောက်ပံ့ပစ္စည်းများနှင့် အကူအညီများကို ဦးစားပေးကာ အက်တမ်(ATOM)မှ “လူသားချင်းစာနာထောက်ထားမှုနှင့် ဖေးမကူညီခြင်း” မဏ္ဍိုင်ကို လေးနက်စွာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အက်တမ်(ATOM)တွင်လည်း ဝန်ထမ်းများအားလုံးအတွက် မဖြစ်မနေလိုအပ်သောအရာများဖြစ်သည့် တာရှည်ခံအစားအစာများ၊ ဘက်ထရီများ၊ ဖယောင်းတိုင်များ၊ ဓာတ်မီးများ၊ ဆေးဝါးများနှင့် အခြေခံ ရှေးဦးသူနာပြု kits များပါဝင်သော CARE Package ကို ဆောင်ရွက်ထားရှိပြီး ဝန်ထမ်းများအတွက် လိုအပ်သောပြောင်းရွှေ့နေရာချထားရေးများကို ကူညီပံ့ပိုးပေးလျက်ရှိပါသည်။
အခက်အခဲများကြုံတွေ့နေစဉ်ကာလတွင် ကြံ့ကြံ့ခံရင်ဆိုင်နိုင်မှု က အထူးအရေးကြီးပါသည်။ အက်တမ်(ATOM)မှ ဆက်သွယ်ရေးလုပ်ငန်းများ တိုးချဲ့ခြင်း၊ ဘဘာ၀ဘေးအန္တရယ်ကြုံတွေ့ခံစားရသူများအတွက် ပံ့ပိုးကူညီခြင်းများနဲ့ စိန်ခေါ်မှုများစွာကို အတူတကွကျော်လွှားနိုင်ဖို့ မျှော်လင့်ပါသည်။ ပြည်သူလူထု၏ စုပေါင်းအင်အားနှင့် လုပ်ဆောင်ချက်များမှတစ်ဆင့် လုပ်ငန်းစဉ်များပြီးမြောက်အောင်မြင်နိုင်မည်ဖြစ်ပြီး လူမှုအသိုင်းအဝိုင်းကိုလည်း ပြန်လည်တည်ဆောက်နိုင်မည်ဖြစ်ပါသည်။
-ပြီး-
အက်တမ် (ATOM) အကြောင်း
အက်တမ် (ATOM) သည် လူ့အသိုင်းအဝိုင်းကို ဦးစားပေးပြီး (People-First) ရည်ရွယ်ချက်၊ ရည်မှန်းချက်များအတိုင်း လုပ်ဆောင်မည့် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ နိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ကွန်ရက်ဖြင့် ကျွန်ုပ်တို့သည် လူနေမှုဘဝတိုးတက်စေရန်၊ စီးပွားရေးလုပ်ငန်းများကို တိုးတက်ကောင်းမွန်ရန်နှင့် လူမှုအသိုင်းအဝိုင်းများအကြား ချိတ်ဆက်မှု ပိုမိုအားကောင်းစေမည့် စျေးနှုန်းသက်သာသော၊ လုံခြုံပြီး ကမ္ဘာ့အဆင့်မီ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများစွာကို ပေးဆောင်လျက်ရှိပါသည်။ အက်တမ် (ATOM) သည် စဉ်ဆက်မပြတ် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်အခြေပြု အသိုင်းအဝန်းတည်ဆောက်ဖော်ဆောင် သွားမည်ဟု ကတိပြုပါသည်။ မျှော်မှန်းချက်ဖြစ်သည့် မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်ခြင်းထက် သာလွန်သော ဘဝအတွေ့အကြုံများရရှိခံစားနိုင်စေရန် ပိုမိုကောင်းမွန်သောချိတ်ဆက်မှုဖြင့် မြန်မာနိုင်ငံကို ပံ့ပိုးလုပ်ဆောင်ပေးရန် ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက www.atom.com.mm သို့မဟုတ် Facebook နှင့် LinkedIn စာမျက်နှာများမှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။
သတင်းမီဒီယာများအနေဖြင့် ထပ်မံသိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် communications@aml.mobi.
Back to top
Share