We'd like to send you notifications of the latest posts and updates
Press Release
10 Mar,2026 - Yangon | 3 mins read
ရန်ကုန်၊ မြန်မာ၊ ၂၀၂၆ ခုနှစ်၊ မတ်လ (၁၀) ရက်နေ့။ ။ အက်တမ်(ATOM) မြန်မာ နှင့် ယူအေဘီဘဏ် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (uab bank PCL) တို့သည် အက်တမ်(ATOM) သုံးစွဲသူများအတွက် အထူး ရည်ရွယ်၍ ရိုးရှင်းပြီး လူတိုင်းလက်လှမ်းမီနိုင်သော အသက်အာမခံအကာအကွယ်ဖြစ်သည့် “uab သောက ကင်းဝေး TelcoCare” ဝန်ဆောင်မှုကို တရားဝင်မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှု မှတစ်ဆင့် သုံးစွဲသူများသည် အခြေခံ KYC မေးခွန်းများဖြေဆိုခြင်း၊ နိုင်ငံသား စိစစ်ရေးကတ် (NRC) ဓာတ်ပုံ တင်ခြင်း၊ အကျိုးခံစားခွင့်ရှိသူ အချက်အလက်များဖြည့်သွင်းခြင်း၊ ဒစ်ဂျစ်တယ်စနစ်ဖြင့် လက်မှတ်ထိုးခြင်းနှင့် အွန်လိုင်းမှတစ်ဆင့် ငွေပေးချေခြင်း စသည့်လုပ်ငန်းစဉ်များအားလုံးကို စာရွက်လုံးဝ အသုံးပြုစရာမလိုဘဲ ဒစ်ဂျစ်တယ်စနစ် အပြည့်အဝဖြင့် မိမိတို့၏ မိုဘိုင်းလ်ဖုန်းများမှတဆင့် အလွယ်တကူ အာမခံထားရှိနိုင်မည် ဖြစ်သည်။ သုံးစွဲသူများသည် အဆိုပါ ဝန်ဆောင်မှုအား ၂၀၂၆ ခုနှစ်၊ မတ်လ (၁၀) ရက်နေ့မှစ၍ ATOM Store App မှတစ်ဆင့် (သို့) ATOM တရားဝင်ဝက်ဘ်ဆိုက်မှတစ်ဆင့် ရယူအသုံးပြုနိုင်မည် ဖြစ်သည်။
“uab သောကကင်းဝေး TelcoCare” အစီအစဉ်သည် ကောင်းမွန်သောအကျိုးခံစားခွင့်များနှင့်အတူ လူတိုင်း လက်လှမ်းမီနိုင်မည့် သင့်တင့်သောနှုန်းထားဖြင့် အသက်အာမခံအကာအကွယ် ရယူလိုသည့် အသက် (၁၈) နှစ်မှ (၄၅) နှစ်အတွင်းရှိ လူငယ်နှင့် လူလတ်ပိုင်းများအတွက် အထူးရည်ရွယ်၍ ဖန်တီးထားခြင်း ဖြစ်သည်။ အာမခံ အကာအကွယ်ရယူသူများအနေဖြင့် အာမခံပေါ်လစီ သက်တမ်း (၃) နှစ် ရရှိမည်ဖြစ်ပြီး မြန်မာကျပ်ငွေ (၁၀) သိန်း မှ သိန်း (၁၀၀) အထိ အာမခံထားငွေကို ရွေးချယ်နိုင်မည်ဖြစ်ကာ သေဆုံးခြင်း (သို့မဟုတ်) ထာဝစဥ်လုံးဝ မသန်စွမ်းဖြစ်ခြင်းတို့အတွက်သာမက မတော်တဆမှုဖြင့် သေဆုံးခြင်း၊ ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်း ဆုံးရှုံးခြင်းတို့ အတွက်ပါ ငွေကြေးဆိုင်ရာ အကာအကွယ်များ ရရှိနိုင်မည် ဖြစ်သည်။
“အက်တမ်(ATOM) အနေနဲ့ သုံးစွဲသူတွေအတွက် ပိုမိုအဓိပ္ပါယ်ရှိတဲ့ အကျိုးကျေးဇူးတွေကို ပေးအပ်နိုင်ဖို့ ကျွန်တော်တို့ရဲ့ ဒစ်ဂျစ်တယ်ဂေဟစနစ်ကို စဉ်ဆက်မပြတ် ဆက်လက်ချဲ့ထွင်နေပါတယ်။ အခုလို ဆန်းသစ်တဲ့ ‘uab သောကကင်းဝေး TelcoCare’ ဒစ်ဂျစ်တယ် အသက်အာမခံ ဝန်ဆောင်မှုကနေတဆင့် သုံးစွဲသူတွေအနေနဲ့ ၎င်းတို့ရဲ့နေ့စဉ်ဘဝအတွက် ပိုမိုကောင်းမွန်တဲ့ အသုံးပြုမှုအတွေ့အကြုံတွေနဲ့ အကျိုးကျေးဇူးတွေကို ရယူသွားနိုင် မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီပူးပေါင်းဆောင်ရွက်မှုဟာ ကျွန်တော်တို့ရဲ့ ဆက်သွယ်ရေးကွန်ရက် ဝန်ဆောင်မှုအပြင် ဒစ်ဂျစ်တယ်နည်းပညာကတစ်ဆင့် ငွေကြေးဆိုင်ရာ လုံခြုံမှုတွေကို မြှင့်တင်ပေးနိုင်ဖို့ဆိုတဲ့ ရည်မှန်းချက်ကို ထင်ဟပ်စေပါတယ်” ဟု အက်တမ်(ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah က ပြောကြားခဲ့သည်။
အသက်အာမခံအကာအကွယ်အပြင် အက်တမ်(ATOM) အနေဖြင့် အာမခံထားရှိသူများအတွက် အာမခံကြေး ပေးသွင်းမှုအပေါ် မူတည်၍ ဒေတာ (Data) နှင့် ဖုန်းပြောဆိုခွင့် (Voice) အကျိုးခံစားခွင့်များ ပါဝင်သော သီးသန့် တယ်လီကွန်းပတ်ကေ့ချ်များကိုလည်း ပေးအပ်သွားမည် ဖြစ်သည်။ ထို့အပြင် “uab သောကကင်းဝေး TelcoCare” အာမခံထားရှိသူများသည် ၂၀၂၆ ခုနှစ်၊ မတ်လ (၁၀) ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၀) ရက်နေ့အထိ ပြုလုပ်မည့် ကံစမ်းမဲအစီအစဉ်တွင်လည်း ဝင်ရောက်ကံစမ်းနိုင်မည်ဖြစ်သည်။
ယူအေဘီဘဏ် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (uab bank PCL) ၏ အမှုဆောင်အရာရှိချုပ် Mr. Christopher Loh ကလည်း “ကျွန်တော်တို့ uab bank PCL အနေနဲ့ အာမခံအကာအကွယ်ဆိုတာ ရိုးရှင်းပြီး၊ သင့်တင့်တဲ့ဈေးနှုန်းနဲ့ ဘယ်သူမဆို ရယူနိုင်သင့်တယ်လို့ ယုံကြည်ထားတာနဲ့ အညီ အခုလို အက်တမ်(ATOM) နဲ့ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကနေတစ်ဆင့် အသက်အာမခံဝန်ဆောင်မှုကို ပြည်သူတွေနဲ့ ပိုမိုနီးကပ်မှု ရှိလာစေဖို့ နေ့စဉ်သုံး မိုဘိုင်းလ်ဝန်ဆောင်မှုတွေနဲ့ ချိတ်ဆက်ပေးခြင်းပဲဖြစ်ပါတယ်။ ‘uab သောကကင်းဝေး TelcoCare’ နဲ့အတူ မြန်မာနိုင်ငံတစ်ဝန်းက မိသားစုတွေရဲ့ အနာဂတ်အတွက် ပိုမိုလွယ်ကူစေပြီး ယုံကြည်မှုပိုရှိအောင် ကာကွယ်ပေးသွားနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ဤကဲ့သို့ uab bank နှင့် အက်တမ်(ATOM) တို့၏ ခေတ်မှီသော သုံးစွဲသူ အခြေပြု ပူးပေါင်းဆောင်ရွက်မှု များမှတစ်ဆင့် တယ်လီကွန်းဝန်ဆောင်မှုနှင့် ငွေကြေးဆိုင်ရာ အကာအကွယ်ပေးမှုများကို ပေါင်းစပ်ပြီး မြန်မာ နိုင်ငံရှိ သုံးစွဲသူများ၏ နေ့စဉ်ဘဝအတွက် ပိုမိုကောင်းမွန်သော အကျိုးခံစားခွင့်များကို ယူဆောင်လာပေး မည်ဖြစ်သည်။ အက်တမ်(ATOM) ၏ ဒစ်ဂျစ်တယ်ပလက်ဖောင်းနှင့် uab bank ၏ အန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်မှုများကို အသုံးချ၍ ဤပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် အာမခံအကာအကွယ်ရရှိမှု ကွာဟချက်ကို လျှော့ချပေးပြီး မြန်မာနိုင်ငံအတွင်းရှိ မိသားစုများ၏ ဘဝလုံခြုံမှုကို ပိုမိုမြှင့်တင်ပေးရန် ရည်ရွယ်ထားသည်။ “uab သောကကင်းဝေး TelcoCare” နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို Thaw Ka Kinn Way Life Insurance တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။
-ပြီး-
အက်တမ်(ATOM)အကြောင်း
အက်တမ်(ATOM) သည် လူမှုအသိုင်းအဝိုင်းကို ဦးစားပေးပြီး (People-First) ရည်ရွယ်ချက်၊ ရည်မှန်းချက်များအတိုင်း လုပ်ဆောင်မည့် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ နိုင်ငံ၏ အကောင်းဆုံး 4.5G ကွန်ရက်ဖြင့် ကျွန်ုပ်တို့သည် လူနေမှုဘဝတိုးတက်စေရန်၊ စီးပွားရေးလုပ်ငန်းများကို တိုးတက်ကောင်းမွန်ရန်နှင့် လူမှုအသိုင်းအဝိုင်းများအကြား ချိတ်ဆက်မှု ပိုမိုအားကောင်းစေမည့် စျေးနှုန်း သက်သာသော၊ လုံခြုံပြီး ကမ္ဘာ့အဆင့်မီ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများစွာကို ပေးဆောင်လျက် ရှိပါသည်။ အက်တမ်(ATOM) သည် စဉ်ဆက်မပြတ် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်အခြေပြု အသိုင်းအဝန်းတည်ဆောက်ဖော်ဆောင် သွားမည်ဟု ကတိပြုပါသည်။ မျှော်မှန်းချက်ဖြစ်သည့် မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်ခြင်းထက် သာလွန်သော ဘဝအတွေ့အကြုံများ ရရှိခံစားနိုင်စေရန် ပိုမိုကောင်းမွန်သောချိတ်ဆက်မှုဖြင့် မြန်မာနိုင်ငံကို ပံ့ပိုးလုပ်ဆောင်ပေးရန် ဖြစ်ပါသည်။အက်တမ်(ATOM)သည် အလုပ်လုပ်ကိုင်ရန် အကောင်းဆုံး လုပ်ငန်းခွင် (Great Place to Work) အသိအမှတ်ပြု လက်မှတ်ရရှိထားပါသည်။
အသေးစိတ်သိရှိလိုပါက www.atom.com.mm သို့မဟုတ် Facebook နှင့် LinkedIn စာမျက်နှာများမှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။
သတင်းမီဒီယာများအနေဖြင့် ထပ်မံ သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် communications@aml.mobi
ယူအေဘီဘဏ် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (uab bank PCL) အကြောင်း
၂၀၁၀ ခုနှစ်တွင် တည်ထောင်ခဲ့သော uab bank သည် မြန်မာနိုင်ငံ၏ ထိပ်တန်းဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြို့နယ်ပေါင်း (၅၆) မြို့နယ်ရှိ ဘဏ်ခွဲပေါင်း (၈၇) ခုကျော်မှတစ်ဆင့် သုံးစွဲသူများအား ဝန်ဆောင်မှုပေးလျက်ရှိသည်။ ၎င်းသည် လူသုံးကုန်၊ အသေးစားနှင့် အလတ်စားလုပ်ငန်း (SME)၊ ကော်ပိုရိတ်၊ ကုန်သွယ်မှုဘဏ္ဍာရေး၊ ဘဏ္ဍာတိုက်နှင့် ငွေချေးသက်သေခံလက်မှတ်ဆိုင်ရာ ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိသည်။ Euromoney နှင့် Global Finance တို့မှ မြန်မာနိုင်ငံ၏ အကောင်းဆုံးဘဏ်အဖြစ် နိုင်ငံတကာအဆင့် အသိအမှတ်ပြုခြင်းခံထားရပြီး ရေရှည်တည်တံ့သော ဘဏ္ဍာရေးဆိုင်ရာ ထူးချွန်မှုများအတွက် ဂုဏ်ပြုခံရသည့်အပြင်၊ ပြည်တွင်း၌လည်း တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းကျင့်စဉ်များနှင့် ထိပ်တန်းအလုပ်ရှင်အဖြစ် အသိအမှတ်ပြုခြင်း ခံထားရသည်။ ဘဏ်လုပ်ငန်းကို လူသားဆန်စွာ ဆောင်ရွက်ပြီး အပြုသဘောဆောင်သည့် ပြောင်းလဲမှုများကို ဖြစ်ပေါ်စေရန်ဟူသော ၎င်း၏ရည်မှန်းချက်အတိုင်း uab bank သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဘဏ္ဍာရေးဆိုင်ရာ အားလုံးပါဝင်နိုင်မှုနှင့် လူမှု့အသိုင်းအဝိုင်းဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။
Back to top
Share