We'd like to send you notifications of the latest posts and updates
Press Release
26 Jun,2026 - Yangon | 3 mins read
ရန်ကုန်၊ မြန်မာ၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့။ ။ မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G ဝန်ဆောင်မှု ပေးအပ်နေသည့် အက်တမ်(ATOM) သည် လာမည့် ၂၀၂၆-၂၇ ဘောလုံးရာသီအတွက် မြန်မာနေရှင်နယ်လိဂ် (Myanmar National League) နှင့် လက်တွဲ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါသည်။ ယခုပူးပေါင်းမှုအတွက် အက်တမ်(ATOM) မှ တရားဝင် တွဲဖက်စပွန်ဆာ အနေနှင့် မြန်မာငွေကျပ် သိန်း (၁,၅၀၀) ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး လက်ရှိပြိုင်ပွဲရာသီကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အထောက်အကူပြုရုံသာမက မြန်မာ့ဘောလုံးလောက ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီခဲ့ခြင်း ဖြစ်သည်။ ဤပံ့ပိုးကူညီမှုသည် လူမှုအဖွဲ့အစည်းများကို စည်းလုံးစေခြင်း၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခြင်းနှင့် နိုင်ငံ့လူငယ်များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ခြင်း စသည့် ဘောလုံးအားကစား၏ စွမ်းပကားအပေါ် အက်တမ်(ATOM) ၏ အခိုင်အမာယုံကြည်ချက်ကို ထင်ဟပ်ပြသနေသည်။
လူမှုအဖွဲ့အစည်း စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားလုပ်ဆောင်မည့် ၂၀၂၆ ခုနှစ်၏ ရည်မှန်းချက် အစိတ်အပိုင်းတစ်ခုအနေဖြင့် အက်တမ်(ATOM) ၏ ယခုပံ့ပိုးကူညီမှုသည် ပြည်တွင်းအားကစားကဏ္ဍကို မြှင့်တင်ရန်နှင့် မြန်မာနေရှင်နယ်လိဂ်အသင်း တစ်ခုလုံး၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို အောင်မြင်စေရန် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်ခြင်းသည် အခြေခံအဆင့် နှင့် အကယ်ဒမီသင်တန်းဆင်း ကစားသမားများအတွက် ရှင်းလင်းပြတ်သားသော ပရော်ဖက်ရှင်နယ် လမ်းကြောင်းတစ်ခုကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပြီး၊ တစ်နိုင်ငံလုံးရှိ လူငယ်လူရွယ်များအနေဖြင့် အားကစားလိုက်စားလာစေရန်နှင့် တက်ကြွပြီး ကျန်းမာကြံ့ခိုင်သော လူနေမှုဘဝများကို ပိုင်ဆိုင်နိုင်စေရန် လှုံ့ဆော်မြှင့်တင်ပေးနိုင်မည် ဖြစ်ပါသည်။
“မြန်မာနိုင်ငံက ဘောလုံးအားကစားနဲ့ ပတ်သက်ရင် အစဉ်အလာလည်း ကြီးမားသလို၊ ဘောလုံးကို တကယ့်ကို ဝါသနာအရင်းခံနဲ့ အားပေးချစ်ခင်ကြတာကို မြင်တွေ့ရပါတယ်။ ဒီနေ့ မြန်မာနေရှင်နယ်လိဂ်မှာ ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံလိုက်တာဟာ မျိုးဆက်သစ်အားကစားသမားတွေကို မြေတောင်မြှောက်ပေးနေတာဖြစ်သလို၊ လူမှုအသိုင်းအဝိုင်း အချင်းချင်းကြားမှာလည်း ပိုပြီးတော့ စည်းလုံးနီးကပ်သွားအောင် လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။ အဓိကအနေနဲ့ ကျွန်တော်တို့ လူငယ်တွေကို ကျန်းမာတက်ကြွတဲ့ လူနေမှုဘဝတွေ ပိုင်ဆိုင်လာဖို့အတွက် ပံ့ပိုးကူညီပေးတာဖြစ်ပါတယ်” ဟု အက်တမ်(ATOM) ၏ အမှုဆောင်အရာရှိချုပ် Mr. Ahmad Abdallah က ပြောကြားခဲ့သည်။
မြန်မာ့အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အက်တမ်(ATOM) မှ ၂၀၂၃ ခုနှစ်တွင် မြန်မာအမျိုးသမီးလိဂ် (Myanmar Women’s League) အတွက် ကျပ်သိန်း (၁,၀၀၀) နှင့် ၂၀၂၄ ခုနှစ်တွင် ကျပ်သိန်း (၂,၀၀၀) ပံ့ပိုးကူညီမှုများကို စဉ်ဆက်မပြတ် ပြုလုပ်ပေးခဲ့သည်။ ထို့အပြင် အက်တမ်(ATOM) သည် အမျိုးသမီးလိဂ် ၂၀၂၅ ပြိုင်ပွဲရာသီအတွက် ကျပ်သိန်း (၅၀၀) ပံ့ပိုးပေးခဲ့သည့်အပြင်၊ နီပေါနိုင်ငံတွင် ကျင်းပခဲ့သည့် နိုင်ငံတကာအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွင် သမိုင်းဝင်ဗိုလ်စွဲခဲ့သော မြန်မာ့အမျိုးသမီးလက်ရွေးစင် ဘောလုံးအသင်းအား ဂုဏ်ပြုဆုကြေးငွေ ကျပ်သိန်း (၃၀၀) ချီးမြှင့်ခဲ့သည်။ ယခုနောက်ဆုံး ပံ့ပိုးကူညီမှုအပါအဝင် ပြီးခဲ့သည့်နှစ်များအတွင်း မြန်မာ့ဘောလုံးလောကအတွက် အက်တမ်(ATOM) ၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုမှာ မြန်မာငွေကျပ် သိန်း (၅,၃၀၀) အထိ ရှိခဲ့ပြီဖြစ်သည်။
“အက်တမ်(ATOM) ရဲ့ မြန်မာငွေကျပ် သိန်း (၁,၅၀၀) ကူညီပံ့ပိုးမှုဟာ အလိုအပ်ဆုံးနေရာတွေမှာ အမှန်တကယ် အကျိုးသက်ရောက်မှုတွေရှိစေဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ ဒီကနေ့အထိဆိုရင် ကျွန်တော်တို့အနေနဲ့ အခုလို လူမှုအခြေပြုလုပ်ငန်းတွေအတွက် စုစုပေါင်း မြန်မာငွေကျပ် (၈.၃) ဘီလီယံကျော်ကို ဂုဏ်ယူစွာ ရင်းနှီးမြှုပ်နှံခဲ့ပြီးဖြစ်ကာ မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ ပြည်သူလူထုပေါင်း (၁.၁) သန်းနီးပါးရဲ့ လူနေမှုဘဝတွေကို တိုက်ရိုက်အကျိုးပြု ကူညီပံ့ပိုးပေးနိုင်ခဲ့ပါတယ်” ဟု အက်တမ်(ATOM) ၏ ကော်ပိုရိတ်ရေးရာအရာရှိချူပ် ဦးသိန်းဟုတ် က ပြောကြားခဲ့သည်။
မြန်မာနေရှင်နယ်လိဂ်ကော်မတီ၏ ဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် ဦးကိုကိုသိန်း ကလည်း "မြန်မာနေရှင်နယ်လိဂ် ၂၀၂၆-၂၇ ဘောလုံးရာသီရဲ့ တရားဝင် တွဲဖက်စပွန်ဆာအဖြစ် အက်တမ်(ATOM) ကို ကြိုဆိုခွင့်ရတဲ့အတွက် များစွာဝမ်းမြောက်မိပါတယ်။ ယခုပူးပေါင်းဆောင်ရွက်မှုက ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးကူညီမှုအနေနဲ့တင်မကပဲ မြန်မာ့ဘောလုံးလောက တိုးတက်ဖို့၊ မြန်မာနေရှင်နယ်လိဂ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းစေဖို့နဲ့ ပြည်တွင်းကစားသမားတွေရဲ့ အစွမ်းအစတွေကို အပြည့်အဝ ဖော်ပြလာနိုင်မယ့် အခွင့်အလမ်းကောင်းတွေ ဖန်တီးပေးဖို့ဆိုတဲ့ ကတိကဝတ်ကို ထင်ဟပ်စေပါတယ်။ အက်တမ်(ATOM) လို မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ စဉ်ဆက်မပြတ် ပံ့ပိုးကူညီမှုတွေနဲ့အတူ မြန်မာနိုင်ငံမှာ ပိုမိုအားကောင်းပြီး ရေရှည်တည်တံ့တဲ့ ဘောလုံးအားကစားရဲ့ အနာဂတ်ကို တည်ဆောက်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်" ဟု ပြောကြားခဲ့သည်။
ယခုကဲ့သို့ အစဉ်တစိုက် ကတိကဝတ်ပြု ဆောင်ရွက်မှုများသည် မြန်မာနိုင်ငံအား ‘ပိုမိုကောင်းမွန်သောအနာဂတ်’ဆီသို့ တက်လှမ်းနိုင်ရန် ဖော်ဆောင်ပေးနေသည့် အက်တမ်(ATOM) ၏ တိုးတက်ပြောင်းလဲလာသော အခန်းကဏ္ဍကို ထင်ဟပ်ပေါ်လွင်စေသည်။ ကျန်းမာရေး၊ ပညာရေးနှင့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် ရေရှည်တည်တံ့မည့် ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် အက်တမ်(ATOM) သည် ပိုမိုကျန်းမာ၊ ပိုမိုချိတ်ဆက်မှုရှိပြီး စိတ်ဓာတ်ခွန်အားနိုးကြားသော မျိုးဆက်သစ်လူငယ်များ ပေါ်ထွက်လာစေရန်အတွက် အခြေခံအုတ်မြစ်များကို စဉ်ဆက်မပြတ် ဖန်တီးပေးလျက်ရှိသည်။
-ပြီး-
အက်တမ်(ATOM)အကြောင်း
အက်တမ်(ATOM) သည် လူမှုအသိုင်းအဝိုင်းကို ဦးစားပေးပြီး (People-First) ရည်ရွယ်ချက်၊ ရည်မှန်းချက်များအတိုင်း လုပ်ဆောင်မည့် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ နိုင်ငံ၏ အကောင်းဆုံး 4.5G ကွန်ရက်ဖြင့် ကျွန်ုပ်တို့သည် လူနေမှုဘဝတိုးတက်စေရန်၊ စီးပွားရေးလုပ်ငန်းများကို တိုးတက်ကောင်းမွန်ရန်နှင့် လူမှုအသိုင်းအဝိုင်းများအကြား ချိတ်ဆက်မှု ပိုမိုအားကောင်းစေမည့် စျေးနှုန်း သက်သာသော၊ လုံခြုံပြီး ကမ္ဘာ့အဆင့်မီ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများစွာကို ပေးဆောင်လျက် ရှိပါသည်။ အက်တမ်(ATOM) သည် စဉ်ဆက်မပြတ် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်အခြေပြု အသိုက်အဝန်းတည်ဆောက်ဖော်ဆောင် သွားမည်ဟု ကတိပြုပါသည်။ မျှော်မှန်းချက်ဖြစ်သည့် မြန်မာပြည်သူများအတွက် ပိုမိုကောင်းမွန်ခြင်းထက် သာလွန်သော ဘဝအတွေ့အကြုံများ ရရှိခံစားနိုင်စေရန် ပိုမိုကောင်းမွန်သောချိတ်ဆက်မှုဖြင့် မြန်မာနိုင်ငံကို ပံ့ပိုးလုပ်ဆောင်ပေးရန် ဖြစ်ပါသည်။ အက်တမ်(ATOM)သည် အလုပ်လုပ်ကိုင်ရန် အကောင်းဆုံး လုပ်ငန်းခွင် (Great Place to Work) အသိအမှတ်ပြု လက်မှတ်ရရှိထားပါသည်။
အသေးစိတ်သိရှိလိုပါက www.atom.com.mm သို့မဟုတ် Facebook နှင့် LinkedIn စာမျက်နှာများမှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။
သတင်းမီဒီယာများအနေဖြင့် ထပ်မံ သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် communications@aml.mobi
မြန်မာနေရှင်နယ်လိဂ် (Myanmar National League) အကြောင်း
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီတို့၏ လမ်းညွှန်မှုအောက်တွင် ၂၀၀၉ ခုနှစ်၌ စတင်တည်ထောင်ခဲ့သော မြန်မာနေရှင်နယ်လိဂ် (MNL) သည် မြန်မာနိုင်ငံ၏ အမြင့်ဆုံးအဆင့် ပရော်ဖက်ရှင်နယ် ဘောလုံးပြိုင်ပွဲ ဖြစ်ပါသည်။ MNL သည် မြန်မာ့ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံထောက်တိုင်တစ်ခုဖြစ်ပြီး နိုင်ငံ့လက်ရွေးစင်အသင်းများအတွက် အရည်အသွေးမြင့် ကစားသမားများကို ပြုစုပျိုးထောင်ပေးရာ အဓိကလမ်းကြောင်းတစ်ခုလည်း ဖြစ်ပါသည်။ မဟာဗျူဟာမြောက် ဆန်းသစ်သော မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် အားကစားသမားများ၊ ကလပ်အသင်းများ၊ ပရိသတ်များနှင့် လူထုအခြေပြု လူ့အဖွဲ့အစည်းများကို ချိတ်ဆက်ပေးခြင်းဖြင့် MNL သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရေရှည်တည်တံ့သော အားကစားနှင့် စီးပွားရေးဆိုင်ရာ တန်ဖိုးများကို ဖော်ဆောင်ပေးလျက်ရှိပါသည်။ ပိုမိုသိရှိလိုပါက themnl.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပြီး MNL ၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာများကိုလည်း Follow လုပ်၍ စောင့်ကြည့်နိုင်ပါသည်။
Back to top
Share